Dress Right

Written by Yo Yo on Wednesday, August 1, 2007 at 3:09 AM


ကြည့်အကောင်းဆုံးသူ ဖြစ်ချင်သလား

အမျိုးသားအားလုံးဟာ တန်းတူညီတူ ဖန်ဆင်းခံခဲ့ရတာပါလို့ ဆိုပေမယ့် အ၀တ်အစားဝတ်ပုံတွေ၊ ခန္ဓာကိုယ် ပုံစံတွေနဲ့ ပတ်သက်လာရင်တော့ ဒီစကားဟာ မမှန်ပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထက်စာရင် အခုံးအမောက်တွေ ပိုနည်းတာကြောင့် အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ပုံစံဟာ သိပ်များများစားစားမရှိပါဘူး။ ဒါပေမယ့် အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံဟာ ကွဲပြားချက်လေးတွေ ရှိနေဆဲပါ။ ဒါကြောင့် ပင်ကိုစတိုင်လ်ကို ပေါ်လွင်ဖို့ ဘယ်လိုစတိုင်လ်တွေကို ရှောင်သင့်တယ်၊ မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်တာတွေကို ဘယ်လိုဝတ်သင့်တယ်ဆိုတာတွေက လိုအပ်နေတုန်းပါပဲ။

အ၀တ်အထည်တွေမှာ သူတို့ရဲ့မူလမှတ်ကျောက်တွေ ရှိနေပြီးသားဆိုတာ Shopping ထွက်တိုင်းမှတ်သားထားရပါမယ်။ ဈေးကြီးတဲ့ ဂျာကင်တစ်ထည်ဟာ သင့်ခန္ဓာကိုယ်နဲ့ မတော်ရင် ဘယ်လောက် အကောင်းစားကြီးဖြစ်ဖြစ် ကြည့်ရဆိုးပါတယ်။ အပြန်အလှန်အားဖြင့် ဈေးပေါတဲ့ ဂျာကင်တစ်ထည်ဟာ သင့်ကိုယ်ပိုင် အရည်အချင်းတွေကို ပေါ်လွင်စေရင် ဈေးနည်းပေမယ့် အဖိုးတန်ပါတယ်။ ဒါကြောင့်သင်နဲ့ လိုက်ဖက်မယ့် အ၀တ်အထည်တွေကို ဘယ်လိုဝတ်ဆင်ရမယ်ဆိုတာ ကြည့်ကြရအောင်…

ထွားကျိုင်းသူအတွက်

အလျားလိုက် အစင်းကျားတွေပါတဲ့ အ၀တ်တွေကို ရှောင်ပါ

အထူးသဖြင့် ၀မ်းဗိုက်နားမှာ အလျားလိုက် အစင်းကြောင်းတွေပါရင် မ၀တ်ပါနဲ့။ ထောင့်ဖြတ်အစင်းကြောင်းတွေလည်း သင်နဲ့ မလိုက်ဖက်ပါဘူး။ သင် ဂုဏ်ယူစွာနဲ့ ၀တ်ဆင်ရမှာကတော့ ဒေါင်လိုက်အစင်းကျားပါတဲ့ အ၀တ်တွေပါပဲ။ ဒေါင်လိုက်အစင်းကျားတွေက သင့်ပုံရိပ်ကို ကျစ်လျစ်စေပါတယ်။ အဖြူစင်းသေးသေးမျှင်မျှင်လေးတွေပါတဲ့ ကုတ်အင်္ကျီကို မာမာတောင့်တောင့် အနက်ရောင်ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်တာဟာ သင့်အတွက် အကောင်းဆုံးပွဲတက်ဝတ်စုံပါ။

အတိအကျတော်တဲ့ အ၀တ်တွေပဲ ၀တ်ပါ

ခန္ဓာကိုယ်ထွားကျိုင်းတဲ့ အမျိုးသားတွေဟာ ပွတဲ့အ၀တ်တွေက ခန္ဓာကိုယ်မှာ စူထွက်နေတဲ့ နေရာတွေကို ဖျောက်ထားနိုင်တယ်လို့ ထင်ကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ အလွန်ကြီးတဲ့ အ၀တ်တွေက သင့်ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို ပိုပြီးကြီးမားစေပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်ကို ကျစ်လျစ်စေမယ့် လျှို့ဝှက်ချက်ကတော့ မကျပ်လွန်း၊ မပွလွန်းတဲ့ အ၀တ်တွေကိုသာ ရွေးချယ်ဝတ်ဆင်ရပါမယ်။

အရောင်တစ်ရောင်တည်းဝတ်ပါ

ရှပ်အင်္ကျီနဲ့ ဘောင်းဘီအရောင်ဟာ အရမ်းကွဲလွဲနေရင် (ဥပမာ- အဖြူနဲ့ အနက်) သင့်ခန္ဓာကိုယ်ဟာ နှစ်ပိုင်းဖြစ်နေပါလိမ့်မယ်။ အထက်နဲ့ အောက်အ၀တ်တွေရဲ့ အရောင်ကို တစ်ရောင်တည်း (သို့) ဆင်ဆင်တူတဲ့ အရောင်တွေသာ ရွေးဝတ်သင့်ပါတယ်။

လည်ထောင်အင်္ကျီကို ရှောင်ပါ

သင်ဟာ ထွားကျိုးတဲ့ ကိုယ်လုံးပိုင်ရှင် ဆိုရင်တော့ လည်ထောင်အင်္ကျီကို ဖြစ်တဲ့နည်းနဲ့ကို ရှောင်ပါ။ အဲဒီ့အစား V-ပုံလည်ပင်း တီရှပ်၊ အင်္ကျီလက်ရှည်နဲ့ ဆွယ်တာတို့ ၀တ်ပါ။ V-neck အင်္ကျီက သင့်လည်ပင်းကို ရှည်တယ်လို့ ထင်ရအောင်လုပ်နိုင်ပါတယ်။

ပန်းရိုက်ထည်တွေကို သေသေချာချာ ရွေးပါ

ကမ်းခြေတစ်ခုခုမှာ အပန်းဖြေနေတာမဟုတ်ဘူးဆိုရင် အပွင့်ကြီးကြီး (သို့) ရှုပ်ထွေးတဲ့ အဆင်တွေပါတဲ့ တီရှပ်၊ ရှပ်အင်္ကျီတို့နဲ့ ခပ်ဝေးဝေးနေပါ။ ဒီအ၀တ်တွေက သင့်ခန္ဓာကိုယ် အပေါ်ပိုင်းကို လူတွေသတိထားမိအောင် ဆွဲဆောင်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ကြီးမားတဲ့ ၀မ်းဗိုက်ရှိရင်တော့ ဒါဟာ တော်တော်ဆိုးပါတယ်။ ပွင့်ရိုက်ထည်ကို ၀တ်ချင်တယ်ဆိုရင် အပွင့်သေးသေးနဲ့ ကျဲကျဲပါတဲ့ အင်္ကျီကို ၀တ်နိုင်ပါတယ်။

အရပ်ရှည်ပြီး ပိန်သူအတွက်

ဒေါင်လိုက်အစင်းကျားပါတဲ့ အ၀တ်တွေကို မ၀တ်ပါနဲ့

သင့်ခန္ဓာကိုယ်ကို အနည်းငယ်ကြီးထွားလာပုံပေါက်လို့ အလျားလိုက်အစင်းကျားပါတဲ့ အင်္ကျီပဲဝတ်ပါ။ ရင်ဘတ်မှာ အလျားလိုက်အစင်းကြောင်းကြီးကြီးပါတဲ့ အင်္ကျီက သင်နဲ့အလိုက်ဖက်ဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သင့်ပခုံးတွေကို ပိုမိုကျယ်ပြန့်တဲ့ ပုံပေါက်ပြီး၊ ပြည့်စုံကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတယ်လို့ ထင်ရလို့ပါ။

အရောင်ဆင်တူ ၀တ်ဆင်ခြင်းကို ရှောင်ပါ

ခြေဆုံးခေါင်းဆုံး တစ်ရောင်တည်း ၀တ်ဆင်မယ်ဆိုရင် သင့်သွင်ပြင်ကို ပိုပိန်စေပါတယ်။ ဒါ့ကြောင့် အထက်နဲ့အောက်ကို မတူညီတဲ့ အရောင်တွေကိုသာ ၀တ်ဆင်ပါ။

ကိုယ်လုံးနဲ့ အံကိုက်ဖြစ်မယ့် အ၀တ်ပဲရွေးပါ

အင်္ကျီက ချောင်နေ၊ ပွနေမယ်ဆိုရင် သင့်ပုံစံဟာ ရွက်တိုင်က ပင်မရွက်မကြီးနဲ့ တူနေပါလိမ့်မယ်။ သင်နဲ့ အံကိုက်တော်တဲ့ အင်္ကျီပဲ ၀တ်ပါ။ အရမ်းကျပ်တဲ့ အင်္ကျီကလည်း သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်း အရိုးတွေကို ပေါ်လွင်စေလို့ မ၀တ်သင့်ပါဘူး။

ထိပ်လုံးတဲ့ ဖိနပ်မစီးပါနဲ့

အရပ်ရှည်သူဆိုရင်တော့ ထိပ်လုံးဝန်းတဲ့ ဖိနပ်စီးလိုက်ရင် သင့်ပုံစံက အချိုးအစား မမျှတတော့ပါဘူး။ ဒါ့ကြောင့် ထိပ်ပိုင်းထောင့်ချိုးဖြစ်နေတဲ့ ဖိနပ်ပဲ စီးသင့်ပါတယ်။

အရောင်နုနုပဲ ရွေးပါ

နုဖျော့တဲ့ အရောင်အသွေးက သင့်ကို အနည်းငယ်ကြီးထွားစေပါလိမ့်မယ်။ အဖြူရောင်၊ နို့နှစ်ရောင်၊ အပြာနု၊ မီးခိုးနု စတဲ့အရောင်တွေကို ရွေးဝတ်ပါ။

အရပ်ပုသူအတွက

ထိပ်ပိုင်းလေးထောင့်ကျတဲ့ ဖိနပ်ကိုရွေးပါ

ထိပ်ချွန်တဲ့ ဖိနပ်က အရပ်မြင့်သူတွေအတွက်သာ ကောင်းပါတယ်။ သင့်အတွက်ကတော့ ထိပ်ချွန်တဲ့ဖိနပ် (သို့) ကြီးမားတဲ့ ဖိနပ်တွေက ကြည့်မကောင်းဘဲ ဂျိုကာနဲ့ တူနေပါလိမ့်မယ်။ ထိပ်ပိုင်းလေးထောင့်ပုံစံက သင့်အတွက် အကောင်းဆုံးပါပဲ။

ခွာမြင့်မြင့် စီးပါ

ကြီးမားတဲ့ ဖိနပ်စီးခြင်းကို ရှောင်သင့်သော်လည်း ထူထူမြင့်မြင့်ခွာပါတဲ့ ဖိနပ်ကိုတော့ စီးသင့်ပါတယ်။ အရပ်ကို ပိုမြင့်ချင်ရင်တော့ ခွာမြင့်မြင့်ဖိနပ်ရယ်၊ ဖိနပ်ခွာကို ဖုံးနိုင်အောင်အထိရှည်တဲ့ ဘောင်းဘီရယ်တို့ ဆင်မြန်းဖို့လိုပါတယ်။

Accessories

အရပ်အမောင်းအစား မျက်နှာကိုပဲ လူတွေအာရုံစိုက်မိစေအောင် တွဲဖက်အဆင်တန်ဆာတွေက လုပ်နိုင်ပါတယ်။ တွဲဖက်တန်ဆာတွေထဲမှာတော့ ဦးထုပ်ကအကောင်းဆုံးပါ။ သင့်အရပ်ကို လက်မအနည်းငယ် ပိုမြင့်အောင် လုပ်နိုင်တယ်လေ။

ကြီးမားတဲ့ ပွင့်ရိုက်အဆင်တွေကို ရှောင်ပါ

ဧရာမအဆင်ဒီဇိုင်းတွေက သင့်ကိုယ်လုံးကို ဖုံးလွှမ်းပျောက်ကွယ်စေနိုင်ပါတယ်။ ပွင့်ရိုက်ထည်တွေနဲ့ သင့်စတိုင်လ်ကို တစ်မူထူးခြားအောင်လုပ်ချင်ရင်တော့ ဂရပ်ဖစ်ပုံတွေ၊ လေးထောင့်ကွက်အဆင်၊ အဖြူရောင်အပွင့်စတဲ့ သေးသေးငယ်ငယ် အဆင်တွေကို ရွေးချယ်ဝတ်ဆင်ပါ။

ခွမကျတဲ့ ဘောင်းဘီပဲ ၀တ်ပါ

ခွမကျတဲ့ ဘောင်းဘီက သင့်ခြေထောက်ကို အမြင်မှာ ပိုရှည်လျားစေတဲ့အပြင် ခွကြားနေရာတစ်ဝိုက်ကို ပွလွန်းပြီး ဘာမှမရှိဘူးလို့ မထင်ရအောင် လုပ်ပေးနိုင်ပါတယ်။

ဒီအချက်တွေအတိုင်း လိုက်နာရင်တော့ သင့်ပတ်ဝန်းကျင်မှာ ကြည့်အကောင်းဆုံး လူတစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့ အခွင့်အလမ်း သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

0 Responses to "Dress Right"